Friday, March 6, 2009

မွဉ်ခြဲုင်ဘုန်းကြီးကျောင်း ခေါ် တောင်ကျောင်းကြီး

တောင်ကြီးမြို့တော်သည် အင်္ဂလိပ်မ၀င်လာခင်နှင့် မြို့မတည်ခင် အချိန်ကတည်းက ဒုံတောင်းတီ ဆိုသော ပအိုဝ်းရွာတစ်ရွာရှိခဲ့သည်။ ထိုရွာဦးဘုန်းကြီးကျောင်းသည် မွဉ်ခြဲုင် ကျောင်းဖြစ်သည်။ ခရစ်သက္ကရာဇ် ၁၇၄၇ ခုနှစ်ဝန်းကျင်တါင် တောင်ကြီးမြို့တကျောလုံး တွင် မွဉ်ခြဲုင်ဘုန်းကြီးကျောင်းတစ်ကျောင်းသာ ရှိခဲ့သည်။ မြန်မာနိုင်ငံအတွင်း ဖက်ဆစ် ဂျပန်များဝင်လာသောအခါ ထိုမွဉ်ခြဲုင်ဘုန်းကြီးကျောင်းက ဗုံးကြဲခြင်းခံရပြီး ပျက်စီးသွားခဲ့ သည်။ ဂျပန်ခေတ်အတွင်း မွဉ်ခြဲုင်ဘုန်းကြီးရှစ်ပါးမြောက်ကျောင်းထိုင်ဆရာတော် ဦးနရိန္ဒ သည် အောက်မြန်မာပြည် သထုံဘက်ဇာတိဖြစ်သည်။

၁၉၄၆ ခုနှစ် နိုဝင်ဘာလ (၂၆)ရက်နေ့တွင် ဗုံးကြဲခြင်းခံရသည့် မွဉ်ခြဲုင်ဘုန်းကြီးကျောင်းကို အသစ်ပြန်လည် တည်ဆောက်ရေးအတွက် နောင်ကာဆရာတော် ဦးပဏ္ဍိတ၊ ထမ်းဆရာ တော် ဦးဉာဏနှင့် ၀င်းယဦးပဉ္စင်း ဦးကုမ္မာ တို့အချင်းချင်းညှိနှိုင်းတိုင်ပင်ကြပြီး ဘုန်းကြီး ကျောင်းကို ပြန်လည်တည်ဆောက်ရန်အတွက် အခြားဆရာတော်များနှင့် ဒကာများကို စည်းရုံးနိုးဆော်ခဲ့သည်။ ထိုနှစ် ဒီဇင်ဘာလ (၈)ရက်နေ့တွင် မွဉ်ခြဲုင်ကျောင်း၌ ဆရာ တော်အပါး(၁၀၀) အစည်းအဝေးကျင်းပခဲ့ပြီး ကျောင်းဆောင်သစ်ဖြစ်မြောက်ရေးအတွက် (၁၆)နယ်မှ ဆရာတော်ကြီးများကို တာဝန်ယူဆောင်ရွက်စေခဲ့သည်။

၁၉၄၇ ခုနှစ် ဇန္န၀ါရီလ (၆)ရက်နေ့တွင် သံဃာတော်အပါး(၂၀၀)နှင့် ဒါကာအဖွဲ့များသည် တည်ဆောက်မည့်ကျောင်းပုံစုံကို စည်းဝေးထိုင်ခဲ့ကြသည်။ အများဆန္ဒဖြင့် တောင်နှင့် မြောက်အလျား ပေ(၁၂၀)၊ အရှေ့နှင့်အနောက်အနံ ပေ (၂၀၀)၊ အနက် (၉)ပေဖြင့် ကျောင်းပုံစံအကြမ်းရေးဆွဲကြသည်။

၁၉၄၈ ခုနှစ် ဇန္န၀ါရီလ (၄)ရက်နေ့တွင် ဆရာတော်များနှင့် ဒါကာညီညာပေါင်းစု ညီညွတ်မှုအင်အားဖြင့် မြန်မာနိုင်ငံလွတ်လပ်ရေးရသည့်နေ့၌ ကျောင်းကြီးကို စတင် အုတ်မြစ်ချ တည်ဆောက်ခဲ့သည်။ ထိုကျောင်းကြီး တည်ဆောက်ရာတွင် အခက်အခဲနှင့် ရင်ဆိုင်ရသဖြင့် တော်တော်နှင့် မပြီးစီးနိုင်သဖြင့် “တိုင်တူပြီးတောင်ကျောင်းကြီး” သော် လည်းကောင်း၊ “ဆောက်လုပ်မပြီးတောင်ကျောင်းကြီး”သော်လည်းကောင်း ပြောစမှတ်ပြု ခဲ့ကြသည်။ “ကြိုးစားရင် ဘုရားဖြစ်နိုင်သည်” ဟူသောစကားအတိုင်း တစတစကြိုးစားခဲ့ရာ (၅)နှစ်ကြာမှ အောင်မြင်ပြီးစီးခဲ့လေသည်။

ထိုကျောင်းကြီးအောင်မြင်ရေးအတွက် ပအိုဝ်းအိမ်တိုင်းကို (၂)ကျပ်နှုန်းအထက်ဖြင့် ကောက်ခံခဲ့သည်။ ကျောင်းကြီးတည်ဆောက်ပြီးစီးသောအခါ ၀ါးနှင့်သစ်ဖိုးအပါအ၀င် (၅)သိန်းကျော်ကုန်ကြခဲ့ဟု သိရသည်။

ပအိုဝ်းလူမျိုး၏ ကိုးကွယ်ယုံကြည်မှုနှင့် ခရစ်ဘာသာကို ပထမဆုံးယုံကြည်သူထဲ့က မော်ပွင်းပုံ

ပအိုဝ်းလူမျိုးအားလုံးနီးပါးသည် ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်များဖြစ်ကြပြီး လူဦးရေ၏ ၁% ထက်မကျော် ခရစ်ယာန်ဘာသာကို ကိုးကွယ်ယုံကြည်ကြသည်။ သို့သော်လည်း ပအိုဝ်းရွာ တိုင်းလိုလိုသည် “သာသနာ” ခေါ် ရွာစောင့်နတ်စင်ကို ရွာဦးတွင်တည်ထားကြသည်။ ၎င်းကို ပအိုဝ်းတိုင်းရင်းသားတို့က ကြက်၊ ၀က်နှင့် အရက်သေစာများဖြင့် ပူဇော်ပသခြင်း မပြုကြပေ။

ရွာစောင့်နတ်စင်
ရွာဦးတွင် ရွာစောင့်နတ်စင် တည်ထားရသည့်အကြောင်းကား သီတင်းကျွတ်လပြည့်နေ့ သည် ဗုဒ္ဓဘာသာဝင်တို့၏ အဘိဓမ္မာအခါတော်နေ့ဖြစ်သည်။ မြတ်စွာဘုရားရှင်သည် တာဝတိံသာနတ်ပြည်မှ လူ့ပြည်သင်္ကာဿနဂိုရ်ပြည်သို့ ဆင်းကြွတော်မူသော ဘုရားရှင် အားနတ်ဗြဟ္မာတို့က လိုက်ပါပို့ဆောင်ပူဇော်လာကြကုန်၏။ ထိုကြောင့် ဗုဒ္ဓဘာသာဝင် ပအိုဝ်းတိုင်းရင်းသားတို့သည် လူ့ပြည်လူ့ရွာသို့ ဆင်းသက်ကြွရောက်တော်မူလာသော ဘုရားရှင်အား ရည်မန်းလျက် သီတင်းကျွတ်လပြည့်နေ့ နံနက်အာရုဏ်တက်ချိတ်တွင် ဆွမ်းတော်ကြီးနှင့် ရောင်စုံဆီမီးများဖြင့် ထွန်းညှိပူဇော်လှူဒါန်းကြသည်။ မြတ်စွာဘုရားရှင် အား ပို့ဆောင်လိုက်ပါလာသော နတ်ဗြဟ္မာတို့ကို ရည်မန်းပြီး မိမိတို့ရွာဦးရှိ “သာသနာ” ခေါ် ရွာစောင့်နတ်စင်ကို ဖယောင်းဆီမီး၊ အမွေးနံသာမီးများနှင့် ခဲဖွယ်ဘောဇဉ်များတို့ဖြင့် ပသလှူဒါန်းကြသည်။ ပအိုဝ်းတို့ခေါ်ဝေါ်သုံးနှုန်းသည့် “သာသနာ”ကို ထောက်လျှင် “ရွာစောင့်နတ်” အဖြစ်ထက် “သာသနာ” စောင့်နတ်အဖြစ် ရည်မန်းဟန်ရှိသည်။

ဗုဒ္ဓဘာသာ
လွန်ခဲ့သော နှစ်ပေါင်း ၂၅၀၀ ကျော်ကတည်းက ပအိုဝ်းလူမျိုးသည် ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်ကြသည်။ ဂေါတမမြတ်စွာဘုရား သက်ရှိထင်ရှားချိန်တွင် သူရိယစန္ဒာ မင်းအုပ်စိုးခဲ့သော သုဝဏ္ဏဘုမိသထုံပြည်ကြီးကို ဗုဒ္ဓဂေါတမမြတ်စွာဘုရားက ကြွရောက် လာခဲ့သည်။ ထိုအချိန်တွင် သထုံပြည့်ရှင် သူရိယစန္ဒာမင်းက ရွှေစာရံစေတီတော်ကို စတင် တည်ထားကိုးကွယ်ခဲ့သည်။ ထိုအချိန်မှစ၍ ပအိုဝ်းလူမျိုးတို့သည် ဗုဒ္ဓဘာသာကို ခေတ် အဆက်ဆက်ဖြင့် ထိန်းသိမ်းလာခဲ့သည်။ ပအိုဝ်းရွာတိုင်းလိုလိုသည် ကြီးကျယ်ခန်းနား သော ဘုန်းတော်ကြီးကျောင်းများတွေ့ရပြီး မြန်မာနိုင်ငံတွင် ထင်းရှားကျော်ကြားသော ဗုဒ္ဓသာသနာပြုပုဂ္ဂိုလ်များအနက် ရွှေရောင်ပြဆရာတောဦးအုန်းခိုင်၊ အလံတရာဆရာတော် ဦးစန္ဒန၀ံသ၊ သမညဆရာတော် ဦးဝိနယတို့သည် ပအိုဝ်းမိဘနှစ်ပါးမှ ဖွားမြင်လာသော ပုဂ္ဂိုလ်မြတ်များဖြစ်သည်။

ခရစ်ယာန်ဘာသာ
ပအိုဝ်းတိုင်းရင်းသားတို့၏ လူဦးရေ ၁%ခန့်သည် လွန်ခဲ့သော ၁၉၀၆ ခုနှစ်က နေ့ခြင်း ခရစ်ယာန်သာသနာကို စတင်ယုံကြည်ကြသည်။ ၎င်းတို့သည် ရှမ်းပြည်တောင်ပိုင်း တောင် ကြီးမြို့တောင်ဘက်ဒေသနှင့် အင်းလေးဒေသအနီးတ၀ိုက်တွင် အခြေချသော ပအိုဝ်းရွာ များဖြစ်သည်။ ၁၉၀၀ နှစ်ဦးပိုင်းတွင် ဖရဲရွာမှ ဖြားအိန္တာဖြူ (ခ)ဦးခမ်းဖာနှင့် အဖော် တစ်စု သည် နွားဝန်တင်များဖြင့် မိုးနဲသို့ ကူးသန်းရောင်းဝယ်ဖောက်ကားရာမှ နိုင်ငံခြားသား သာသနာပြု ဆရာဒေါက်တာဟင်ဒါဆင်နှင့် တိုင်းရင်းသားသာသနာပြု ဆရာဦးပလာဖော တို့ ထံ၌ မေးမြန်းဆွေးနွေးရာမှ သခင်ယေရူခရစ်သတင်းစကားကို စတင်ကြားခဲ့ရသည်။

၁၉၀၆ ခုနှစ် ဇန္န၀ါရီလတွင် ဖြားအိန္တာဖြူသည် မိမိအပါအ၀င် ဇနီးဖြစ်သူ နန်းနော်၊ သမက်ဖြစ်သူ ဖြားအိန္တာဖြေင်း(ခ)ဦးပေါ်ဆူးနှင့် ၎င်း၏ဇနီး နန်းခမ်း၊ လွယ်ကောင်ရွာမှ မော်ပွင်းနှင့် ၎င်း၏ဇနီး နန်းမွိုင်၊ မော်စိန်ခနှင့် ၎င်း၏ဇနီး နန်းမူလာ စုစုပေါင်းလူ(၈)ဦးသည် “တထာမေးခိုးရွာ” ရှိ ထီမောက်လန်၌ ယခင်မိုးနဲတွင် သိကျွမ်းခဲ့သော ဦးပလာဖော လက်ဖြင့် နှစ်ခြင်းမင်္ဂလာခံယူလျှက် ဖရဲအသင်းတော်နှင့် လွယ်ကောင်အသင်းတော်တို့ အဦးဆုံးယုံကြည်သူများဖြစ်လာခဲ့သည်။

မိမိတို့ခရစ်ယာန်ဘာသာကို သက်ဝင်ယုံကြည်ပြီး လေးနှစ်ကြာလာသောအခါ ခရစ်ယာန် ယုံကြည်သူ လူဦးရေအနည်းငယ်တိုးပွားလာ၍ သွပ်မိုး၊ တစ်ထပ်ပျဉ်ထောင်ဝတ်ပြုဆောင် တည်ဆောက်ခဲ့သည်။ ၁၉၁၀ ခုနှစ် ဇန္န၀ါရီလတွင် အသင်းတော်ကို စတင်ဖွဲ့စည်း ရပ်တည်ပြီး ဆရာဦးမောင်ငယ်(ကရင်)သည် ပထမဦးဆုံးသင်းအုပ်ဖြစ်လာခဲ့သည်။

ပအိုဝ်းလူမျိုး၏ ရိုးရာဝတ်စုံနှင့် ဆင်ယဉ်မှု


ပအိုဝ်းတိုင်းရင်းသားတို့၏ ၀တ်စုံသည် အမျိုးသမီးရော အမျိုးသားပါ အနက်ရောင်နှင့် နက်ပြာရောင်ကို ၀တ်ဆင်ကြသည်။ ထိုင်း-မြန်မာနယ်စပ် ဟိုမုန်းဒေသအရှေ့ဘက်နှင့် ထိုင်းနိုင်ငံမြောက်ပိုင်း မယ်ဟောင်ဆောင်ခရိုင် ပါမဖဒေသ အနီးတ၀ိုက်တွင် နေထိုင်သော ပအိုဝ်းများ၏ အမျိုးသမီးများသည် အနက်ရောင်ခေါင်းပေါင်းနှင့် အရောင်စုံသည့် ရိုးရာ ၀တ်စုံများဖြင့် ၀တ်ဆင်ကြသည်ကို တွေ့ရသည်။ ရှေးခေတ်တွင် ပအိုဝ်းအမျိုးသမီးများ သာမက အမျိုးသားများပါ ဦးခေါင်းတွင် ဆံထုံးထုံး၍ ဦးရစ်များပေါင်းထားကြသည်။ ယခုခေတ်တွင် ရှေးဆန်သော လူကြီးအချို့မှတပါး ပအိုဝ်းအမျိုးသားမှာ ဆံထုံးမထား ကြသော်လည်း ဦးခေါင်းကိုမှု ပါဝါဖြင့် ရိုးရာမပျက်ပေါင်းထားကြသည်။

သုဝဏ္ဏဘုမီသထုံပြည်ကို အနော်ရထာမင်းစော မသိမ်းပိုက်ခင်အချိန်တွင် ပအိုဝ်းတို့သည် အရောင်စုံပါသည့် ရိုးရာဝတ်စုံများဖြင့် ၀တ်ဆင်ကြသည်။ သုဝဏ္ဏဘုမိသထုံပြည်ကြီးကို ပုဂံမင်းလက်အောက်ကျရောက်သွားပြီးနောက် ပအိုဝ်းလူမျိုးတို့သည် မင်းမဲ့ဘ၀ဖြင့် နေကြ ရ၍ ၎င်းကိုဝမ်းနည်းသည့်အနေဖြင့် အနက်ရောင်ဝတ်စုံကို စတင်ဝတ်ဆင်လာကြသည်ဟု သက်ကြီးပအိုဝ်းဘုန်းတော်ကြီးတချို့ပြန်ပြောပြသည်ကို သိရသည်။

ထို့အပြင် သထုံထီးနန်းကျဆုံးသွားပြီးနောက် စစ်နိုင်သူများ၏ ညှင်းပမ်းနှိပ်စက်မှုဒဏ်ကို မခံနိုင်တော့သည့် ပအိုဝ်းများသည် အုပ်စုများခွဲပြီး ရေကြည်ရာ အန္တရယ်ကင်းရာအရပ် ဒေသများသို့ ထွက်ခွာသွားကြသည်။ ရှမ်းပြည်တောင်ပိုင်းသို့ ရောက်သွားသော အုပ်စုများ သည် အများအားဖြင့် မြင့်မားအေးစိမ့်သော တောင်ပေါ်ဒေသတွင် အခြေချကြသည်။ ထို့ကြောင့် အအေးဒဏ်ကို ကာကွယ်နိုင်ရန် အနက်ရောင်ဝတ်စုံကို ယခုတိုင်အောင် ၀တ်ဆင်လာကြသည်။ အနက်ရောင်သည် အပူဓါတ်ကို စုပ်ယူပြီး အေးသောရာသီဥတု ဒဏ်ကို ကာကွယ်ပေးနိုင်သည့်အပြင် ပေရေစွန်းထင်မှုကိုလည်း သက်သာစေခြင်းနှင့် ဂုဏ်ပြိုင်ဆိုင်မှုကိုလည်း ကင်းစေသည့်ဟု ပအိုဝ်းဘိုးဘွားများက ဆိုသည်။

ပအိုဝ်းအမျိုးသားများသည် ဘောင်းဘီပွနှင့် ဆဲုင့်မွူး ခေါ် အပေါ်အင်္ကျီကို ၀တ်ဆင်ပြီး အတွင်းတွင် အဖြူရောင် တီရှပ်ကို ၀တ်ဆင်ကာ ရောင်စုံခေါင်းပေါင်းများဖြင့် ပေါင်းထား ကြသည်။ ယခင်က ပအိုဝ်းအမျိုးသားများသည် တောင်းပွိုလား ခေါ် ရိုးရာလွယ်အိတ်နှင့် နချိုင် ခေါ် ဓါးလွယ်ကို လွယ်လေ့ရှိသော်လည်း ယခုခေတ်တွင် ဓါးလွယ်သည့် အလေ့ အထကို မတွေ့ရတော့ပေ။ ပအိုဝ်းတိုင်းရင်း ပိန္ဓောဆေးဆရာများသည် အများအားဖြင့် အဖုံးပါသည့် ပလိုင်းအပြားများကို လွယ်ကြပြီး ၀ါးနှီးပါးပါးနှင့် ယှက်လုပ်ထားသည့် ခမောက်ဖြင့် ဆောင်းကြသည်ကို တွေ့ရတတ်သည်။

ပအိုဝ်းအမျိုးသမီးများသည် ရောင်စုံခေါင်းပေါင်းများနှင့် အနက်ရောင်နှင့် နက်ပြာရောင် သင်တိုင်းအင်္ကျီ၊ အင်္ကျီလက်ရှည်၊ ထမီ၊ ခြေသလုံးပတ် စသည်ဖြင့် အဆင့်ဆင့် ၀တ်ဆင်ကြသည်။ ယခင်က အပျိုအရွယ်အမျိုးသမီးများသည် ခြေသလုံးကို ပတ်ထား သော အ၀တ်စကို မြဲမံစေရန် ဒူးဆစ်ညီလုံးဝန်းသည့် ကွင်းများကို ကြိုးဖြင့်သီပြီး ပတ်ထား ကြသည်။ ယင်းကို ပအိုဝ်းဘာသာဖြင့် “တောင်ခမ်း”ဟု ခေါ်သည်။ ယခုခေတ်တွင် ဤခြေသလုံးပတ်ကို ပတ်ထားသည့် “တောင်ခမ်း”ကို မသုံးတော့ပေ။ အမျိုးသမီးများသည် ပွဲလမ်းသဘင်နှင့် ဈေးသို့သွားသည့်အခါတွင် ရိုးရာလွယ်အိတ် သို့မဟုတ် ဖော့စေး ခေါ် ပလိုင်းကို လွယ်ကြသည်ကို တွေ့ရသည်။

ပအိုဝ်းတိုင်းရင်းသားတို့သည် မိမိတို့က ၀ိဇ္ဇာ(ဇော်ဂျီ)နှင့် နဂါးမမှ ဆင်းသက်လာသည်ဟု ယုံကြည်ကြ၍ ပအိုဝ်းအမျိုးသမီးများသည် မိမိကိုယ့်ကို နဂါးမပုံစံဖြင့် ဆင်ယင်ထုံးဖွဲ့ ကြသည်။ ငွေကြေးတတ်နိုင်သူများသည် ဌက်ပြောဖူးသဏ္ဍာန်နှင့် ကွမ်းသီးသဏ္ဍာန်ရှိ ရွှေဆံထိုးများကို မိမိတို့ဆံထုံးပေါ်တွင် ထိုးထားကြသည်။ တချို့က ရွှေဆံထိုးတမျိုးသာ ထိုးထားကြပြီး တချို့က နှစ်မျိုးစလုံးထိုးထားကြသည်။ ၎င်းတို့သည် ဌက်ပျောဖူးသဏ္ဍာန် ဆံထိုးချွန်သည် နဂါးမအမောက်သဖွယ်အဖြစ်လည်းကောင်း၊ ကွမ်းသီးသဏ္ဍာန်ရှိ အ၀ိုင်း ဆံထိုးကို နဂါးမမျက်စိသဖွယ်အဖြစ်လည်းကောင်း ဆင်ယင်ကြသည်ကို တွေ့ရသည်။ ယခုခေတ်တွင် ပအိုဝ်းအမျိုးသမီးများသည် ရွှေဆံထိုးများကို နေ့ကြီးရက်မြတ်နှင့် ပွဲလမ်း သဘင်ချိန်ခါတွင်သာ ဆင်မြန်းကြသည်ကို တွေ့ရသည်။

ယခင်က ပအိုဝ်းအမျိုးသမီးများသည် နားတွင် ရွှေပြားခတ်ပြီး လိတ်ထားသော နားတောင်း ကို သော်လည်းကောင်း၊ ရွှေဖြင့်ပြုလုပ်ထားသော နားဆွဲကိုလည်းကောင်း၊ ကျောက်မျက် ရတနာများဖြင့် စီချယ်ထားသော ရွှေနားကပ်ကိုလည်းကောင်း ဆင်မြန်းကြသည်။ သို့သော် လည်း နားတောင်းကိုမူ ယခင်က ၀တ်ဆင်ကြသော်လည်း ယခုခေတ်တွင် ၎င်းကို ၀တ်ဆင် လေ့မရှိသလောက်နည်းပါးသွားပြီ ဖြစ်သည်။ ပအိုဝ်းအမျိုးသမီးများသည် ရွှေ၊ ငွေ၊ ဘောင်၊ ကြေး စသည်ဖြင့် ပြုလုပ်ထားသော လက်စွပ် လက်ကောက်များလည်း ၀တ်ဆင်ကြသည် ကို တွေ့ရသည်။

ပအိုဝ်းတိုင်းရင်းသားတို့သည် မိမိတို့ရိုးရာဝတ်စုံကို ပွဲလမ်းသဘင်တွင်မက အိမ်နေသည့် အခါတွင်လည်း ၀တ်ဆင်ကြသည်။ သို့သော်လည်း ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ် စသည့် အောက်မြန်မာပြည်တွင် နေထိုင်သောပအိုဝ်းများသည် မိမိတို့အနက်ရောင် ရိုးရာ ၀တ်စုံကို ၀တ်ဆင်ခြင်း သိပ်မရှိတော့ပေ။ သို့သော်လည်း နေ့ကြီးရက်မြတ်နှင့် နှစ်စဉ် ကျရောက်သည့် ပအိုဝ်းအမျိုးသားနေ့တွင် အနက်ရောင်ရိုးရာဝတ်စုံကို ၀တ်ဆင်၍ အမျိုးသားနေ့အခမ်းအနားသို့ တက်ရောက်ဆင်နွယ်ကြသည်ကို တွေ့ရသည်။

ပအိုဝ်းတိုင်းရင်းသားတို့သည် ယခင်က မိမိတို့အ၀တ်အစားများကို ကိုယ်တိုင်ယှက်လုပ်ကြ သော်လည်း မြန်မာနိုင်ငံသည်နယ်ချဲ့အင်္ဂလိပ်လက်အောက်သို့ နှစ်ပေါင်းများစွာ ကျရောက် သောအခါ ရိုးရာယက်လုပ်သည့် အ၀တ်ပိတ်စများ မြေးမှိန်သွားခဲ့ရသည်။ သို့သော်လည်း ရိုးရာလွယ်အိတ်နှင် တပ့ ခေါ် ရိုးရာပါဝါကိုမူ ယခုတိုင်အောင် ကိုယ်တိုင်ယှက်လုပ် ၀တ်ဆင် ကြသည်ကို တွေ့ရသည်။ မျက်မှောက်ခေတ် ပအိုဝ်းတိုင်းသားတို့သည် အနောက်တိုင်းက လာသည့် အနက်ရောင်နှင့် နက်ပြာရောင်ပိတ်စများကို ရိုးရာဝတ်စုံအဖြစ်ချုပ်ယူပြီး ၀တ်ဆင်ကြသည်။

Monday, March 2, 2009

ပအိုဝ်းအမျိုးသားနေ့ဖြစ်ပေါ်လာပုံ နှင့် ရွှေစံရံစေတီတော်ပုံ

အမျိုးသားနေ့သည် လူမျိုးတိုင်းအတွက် အမျိုးသား စိတ်ဓါတ်ရှင်သန် ထက်မြက်ရေးနှင့် အမျိုးသား စာပေ ယဉ်ကျေးမှု ဖော်ထုတ်ထိန်းသိမ်းရေး စသည်ဖြင့် ပြုလုပ် ရာတွင် အရေးပါသော နေ့တစ်နေ့ဖြစ်သည်။ ပအိုဝ်း လူမျိုးတို့သည် မိမိတို့ထူးခြားသည့် သမိုင်းအစဉ် အလာကို အကြောင်းပြုပြီး ဒဲဉ်သီးလာဗွေ ခေါ် တပေါင်း လပြည့်နေ့ကို ပအိုဝ်းအမျိုးသားနေ့ အဖြစ်သတ်မှတ် ကြသည်။ ဂေါတမမြတ်စွာဘုရား သက်ရှိထင်ရှားချိန်တွင် သုဝဏ္ဏဘုမိ သထုံပြည်ကို အုပ်ချုပ်ခဲ့သော သူရိယစန္ဒာမင်းသည် ပအိုဝ်းလူမျိုးတို့အတွက် တောက်ပသော ခေတ်ကာလကို ဖန်တီးပေးခဲ့သည်။ ထိုမင်းသည် သထုံမြို့ရှိ ရွှေစာရံစေတီတော်၏ မူလဒါယာကာ လည်းဖြစ်သည်။ ဤကျေးဇူးတရားကို အောက်မေ့တမ်းတ သတိရခြင်းအား ဖြင့် သူရိယစန္ဒာမင်း၏ မွေးနေ့ဖြစ်သော တပေါင်းလပြည့်နေ့ကို ပအိုဝ်းအမျိုးသားနေ့အဖြစ် သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။ သူရိယစန္ဒာမင်းသည် လွန်ခဲ့သော နှစ်ပေါင်း ၂၅၀၀ ကျော်က မဟာသက္ကရာဇ်(၃)ခုနှစ် တပေါင်းလပြည့် စနေနေ့တွင် နေထွက်လ၀င်၊ နေရောင်လရောင် ရောယှက်သောအချိန်တွင် ဖွားမြင်သဖြင့် သူရိယစန္ဒာ ဟု ခေါ်တွင်ခဲ့သည်။

အောက်မြန်မာပြည်ရှိ ပအိုဝ်းတိုင်းရင်းသားတို့သည် လယ်ယာလုပ်ငန်းကို အဓိကထား လုပ်ကိုင်ကြသည်။ လုပ်ငန်းခွင်ရုပ်သိမ်းပြီးစီးသည့် တပေါင်းလတွင် ဗုဒ္ဓရှင်တော်နှင့် ဆွေတော်မျိုးတော် မိအိုဖအိုအကြီးအကဲများကို ဆွမ်းဦးကပ်လှူကာ ကောက်ဦးတင်ပွဲများ ကျင်းပကြသည်။ ကောက်ဦးကျွေးမွေးပွဲတွင် ဆွေမျိုးများကို တစ်နှစ်တစ်ကြိမ်တွေ့ဆုံခွင့်ရ ခဲ့ကြသည်။ ထိုကြောင့် တပေါင်းလပြည့်နေ့ရောက်တိုင်း ရွှေစာရံ စေတီဘုရား ကုန်းမြေ၌ ဘုရားကို ကောက်ဦးပူဇော်ပွဲ ဆွေမျိုးဆုံပွဲပြုလုပ်ရာမှ ပအိုဝ်းအမျိုးသားနေ့ အဖြစ်သို့ ပေါ်ပေါက် လာခဲ့ရသည်။

ဖဆပလ ဦးကျော်ငြိမ်းသည် သထုံနယ်၌ လယ်ယာစီမံကိန်းများ ချမှတ်ခဲ့သည်။ ပအိုဝ်း ရွာသားတို့သည် မိမိတို့ဘိုးဘွားလက်ထက်ကတည်းက ပိုင်ဆိုင်လာသော လယ်မြေများကို ဖဆပလ အစိုးရက အဓမ္မ သိမ်းဆည်းခြင်းကို ခံခဲ့ရသည်။ ထိုကြောင့် ၁၉၄၈ ခုနှစ် မတ်လတွင် ပအိုဝ်းတောင်သူအမျိုးသားအဖွဲ့ချုပ် ဦးဆောင်သော လူအင်အား တသောင်း ကျော် သထုံမြို့ပေါ်သို့ ငြိမ်းချမ်းစွာ ချီတက်ဆန္ဒပြခဲ့သည်။ ထိုဆန္ဒပြပွဲတွင် အဆိုသုံးရပ်ကို တင်သွင်းခဲ့ရာ “ပအိုဝ်းလူမျိုးကို တောင်သူဟု ခေါ်ဝေါ်သုံးစွဲရေးသားခြင်း မပြုရေး” အချက်ကိုသာ လိုက်လျောခဲ့သည်။ ထိုအချိန်မှ စ၍ ပအိုဝ်းအမျိုးသားနေ့ကို ရွှေစာရံ စေတီတွင် သာမက ပအိုဝ်းအမျိုးသားများ စုဝေးနေထိုင်ရာအရပ်တိုင်းတွင် စည်ကားစွာ ကျင်းပလာကြသည်။ ယင်းသို့ ကျင်းပရာတွင် ရာစုနှစ်များစွာ ကတည်းက ကျင်းပလာခဲ့ သော မိဘဘိုးဘွားတို့၏ အစဉ်အလာကို တန်ဖိုးထားလေးစားခြင်းအားဖြင့် ကျင်းပသည့် အကြိမ်အရေအတွက်ကို တည့်သွင်းကျင်းပခြင်းမပြုပဲ ကျင်းပလာကြပါသည်။

ယခုအခါ ပအိုဝ်းအမျိုးသားနေ့ကို သာမန်ကျင်းပခြင်းမျိုး မဟုတ်တော့ဘဲ အသက်(၈၀) ကျော် ဘိုးအိုဘွားအိုများကို ကန်တော့ခြင်း၊ ပရိယတ္တိစာပေတွင် ထူးချွန်စွာ အောင်မြင်သော ပအိုဝ်း သံဃာတော်များကို ဆုများချီမြင့်ခြင်း စသည့် လူမှုရေးလုပ်ငန်းများဖြင့် ပြုလုပ် လာကြသည်ကို တွေ့ရသည်။ ထိုအပြင် ပအိုဝ်းဒေသတွင်းရှိ အခြားသောတိုင်းရင်းသား လူငယ်များအား တစ်ဦးကိုတစ်ဦး ပိုမိုရင်းနှီးမှုရှိလာအောင် ယဉ်ကျေးမှုအဆိုအက အတီး အမှုတ်များဖလှယ်ခြင်းနှင့် အားကားစားပြိုင်ပွဲများ ကျင်းပပေးခြင်း စသည်ဖြင့် ပြုလုပ် သည်ကို တွေ့ရသည်။