
ပအိုဝ်းလူမျိုးအားလုံးနီးပါးသည် ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်များဖြစ်ကြပြီး လူဦးရေ၏ ၁% ထက်မကျော် ခရစ်ယာန်ဘာသာကို ကိုးကွယ်ယုံကြည်ကြသည်။ သို့သော်လည်း ပအိုဝ်းရွာ တိုင်းလိုလိုသည် “သာသနာ” ခေါ် ရွာစောင့်နတ်စင်ကို ရွာဦးတွင်တည်ထားကြသည်။ ၎င်းကို ပအိုဝ်းတိုင်းရင်းသားတို့က ကြက်၊ ၀က်နှင့် အရက်သေစာများဖြင့် ပူဇော်ပသခြင်း မပြုကြပေ။
ရွာစောင့်နတ်စင်
ရွာဦးတွင် ရွာစောင့်နတ်စင် တည်ထားရသည့်အကြောင်းကား သီတင်းကျွတ်လပြည့်နေ့ သည် ဗုဒ္ဓဘာသာဝင်တို့၏ အဘိဓမ္မာအခါတော်နေ့ဖြစ်သည်။ မြတ်စွာဘုရားရှင်သည် တာဝတိံသာနတ်ပြည်မှ လူ့ပြည်သင်္ကာဿနဂိုရ်ပြည်သို့ ဆင်းကြွတော်မူသော ဘုရားရှင် အားနတ်ဗြဟ္မာတို့က လိုက်ပါပို့ဆောင်ပူဇော်လာကြကုန်၏။ ထိုကြောင့် ဗုဒ္ဓဘာသာဝင် ပအိုဝ်းတိုင်းရင်းသားတို့သည် လူ့ပြည်လူ့ရွာသို့ ဆင်းသက်ကြွရောက်တော်မူလာသော ဘုရားရှင်အား ရည်မန်းလျက် သီတင်းကျွတ်လပြည့်နေ့ နံနက်အာရုဏ်တက်ချိတ်တွင် ဆွမ်းတော်ကြီးနှင့် ရောင်စုံဆီမီးများဖြင့် ထွန်းညှိပူဇော်လှူဒါန်းကြသည်။ မြတ်စွာဘုရားရှင် အား ပို့ဆောင်လိုက်ပါလာသော နတ်ဗြဟ္မာတို့ကို ရည်မန်းပြီး မိမိတို့ရွာဦးရှိ “သာသနာ” ခေါ် ရွာစောင့်နတ်စင်ကို ဖယောင်းဆီမီး၊ အမွေးနံသာမီးများနှင့် ခဲဖွယ်ဘောဇဉ်များတို့ဖြင့် ပသလှူဒါန်းကြသည်။ ပအိုဝ်းတို့ခေါ်ဝေါ်သုံးနှုန်းသည့် “သာသနာ”ကို ထောက်လျှင် “ရွာစောင့်နတ်” အဖြစ်ထက် “သာသနာ” စောင့်နတ်အဖြစ် ရည်မန်းဟန်ရှိသည်။
ဗုဒ္ဓဘာသာ
လွန်ခဲ့သော နှစ်ပေါင်း ၂၅၀၀ ကျော်ကတည်းက ပအိုဝ်းလူမျိုးသည် ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်ကြသည်။ ဂေါတမမြတ်စွာဘုရား သက်ရှိထင်ရှားချိန်တွင် သူရိယစန္ဒာ မင်းအုပ်စိုးခဲ့သော သုဝဏ္ဏဘုမိသထုံပြည်ကြီးကို ဗုဒ္ဓဂေါတမမြတ်စွာဘုရားက ကြွရောက် လာခဲ့သည်။ ထိုအချိန်တွင် သထုံပြည့်ရှင် သူရိယစန္ဒာမင်းက ရွှေစာရံစေတီတော်ကို စတင် တည်ထားကိုးကွယ်ခဲ့သည်။ ထိုအချိန်မှစ၍ ပအိုဝ်းလူမျိုးတို့သည် ဗုဒ္ဓဘာသာကို ခေတ် အဆက်ဆက်ဖြင့် ထိန်းသိမ်းလာခဲ့သည်။ ပအိုဝ်းရွာတိုင်းလိုလိုသည် ကြီးကျယ်ခန်းနား သော ဘုန်းတော်ကြီးကျောင်းများတွေ့ရပြီး မြန်မာနိုင်ငံတွင် ထင်းရှားကျော်ကြားသော ဗုဒ္ဓသာသနာပြုပုဂ္ဂိုလ်များအနက် ရွှေရောင်ပြဆရာတောဦးအုန်းခိုင်၊ အလံတရာဆရာတော် ဦးစန္ဒန၀ံသ၊ သမညဆရာတော် ဦးဝိနယတို့သည် ပအိုဝ်းမိဘနှစ်ပါးမှ ဖွားမြင်လာသော ပုဂ္ဂိုလ်မြတ်များဖြစ်သည်။
ခရစ်ယာန်ဘာသာ
ပအိုဝ်းတိုင်းရင်းသားတို့၏ လူဦးရေ ၁%ခန့်သည် လွန်ခဲ့သော ၁၉၀၆ ခုနှစ်က နေ့ခြင်း ခရစ်ယာန်သာသနာကို စတင်ယုံကြည်ကြသည်။ ၎င်းတို့သည် ရှမ်းပြည်တောင်ပိုင်း တောင် ကြီးမြို့တောင်ဘက်ဒေသနှင့် အင်းလေးဒေသအနီးတ၀ိုက်တွင် အခြေချသော ပအိုဝ်းရွာ များဖြစ်သည်။ ၁၉၀၀ နှစ်ဦးပိုင်းတွင် ဖရဲရွာမှ ဖြားအိန္တာဖြူ (ခ)ဦးခမ်းဖာနှင့် အဖော် တစ်စု သည် နွားဝန်တင်များဖြင့် မိုးနဲသို့ ကူးသန်းရောင်းဝယ်ဖောက်ကားရာမှ နိုင်ငံခြားသား သာသနာပြု ဆရာဒေါက်တာဟင်ဒါဆင်နှင့် တိုင်းရင်းသားသာသနာပြု ဆရာဦးပလာဖော တို့ ထံ၌ မေးမြန်းဆွေးနွေးရာမှ သခင်ယေရူခရစ်သတင်းစကားကို စတင်ကြားခဲ့ရသည်။
၁၉၀၆ ခုနှစ် ဇန္န၀ါရီလတွင် ဖြားအိန္တာဖြူသည် မိမိအပါအ၀င် ဇနီးဖြစ်သူ နန်းနော်၊ သမက်ဖြစ်သူ ဖြားအိန္တာဖြေင်း(ခ)ဦးပေါ်ဆူးနှင့် ၎င်း၏ဇနီး နန်းခမ်း၊ လွယ်ကောင်ရွာမှ မော်ပွင်းနှင့် ၎င်း၏ဇနီး နန်းမွိုင်၊ မော်စိန်ခနှင့် ၎င်း၏ဇနီး နန်းမူလာ စုစုပေါင်းလူ(၈)ဦးသည် “တထာမေးခိုးရွာ” ရှိ ထီမောက်လန်၌ ယခင်မိုးနဲတွင် သိကျွမ်းခဲ့သော ဦးပလာဖော လက်ဖြင့် နှစ်ခြင်းမင်္ဂလာခံယူလျှက် ဖရဲအသင်းတော်နှင့် လွယ်ကောင်အသင်းတော်တို့ အဦးဆုံးယုံကြည်သူများဖြစ်လာခဲ့သည်။
မိမိတို့ခရစ်ယာန်ဘာသာကို သက်ဝင်ယုံကြည်ပြီး လေးနှစ်ကြာလာသောအခါ ခရစ်ယာန် ယုံကြည်သူ လူဦးရေအနည်းငယ်တိုးပွားလာ၍ သွပ်မိုး၊ တစ်ထပ်ပျဉ်ထောင်ဝတ်ပြုဆောင် တည်ဆောက်ခဲ့သည်။ ၁၉၁၀ ခုနှစ် ဇန္န၀ါရီလတွင် အသင်းတော်ကို စတင်ဖွဲ့စည်း ရပ်တည်ပြီး ဆရာဦးမောင်ငယ်(ကရင်)သည် ပထမဦးဆုံးသင်းအုပ်ဖြစ်လာခဲ့သည်။